မကွေး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီး ဒိုင်းအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှဗိုလ်ချုပ်သိန်းထွန်းဦး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ဘောလုံးအားကစား၊ အောင်မြင်ဖွံ့ဖြိုးတိုးတက်ရန်၊ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြစ်သည့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိကကျသော မျိုးဆက်သစ် ဘောလုံးစဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေး၊ အားကစားသမားများ တိုင်းဒေသကြီးအတွင်း အဆင့်အတန်းမြင့်မားပြီး ပြိုင်ဆိုင်မှုပြင်းထန်သော ပြိုင်ပွဲများ အဆက်မပြတ်ကျင်းပပေးခြင်းဖြင့် ပြိုင်ပွဲမှတဆင့် အတွေ့အကြုံကောင်းများရရှိပြီး အဆင့်မီသော ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြား၍ ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီး ဒိုင်းအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက သစ္စာအဓိဋ္ဌာန် (၄)ချက်အား ရွတ်ဆိုကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ပထမနေ့ပွဲစဉ်အဖြစ် Glory Tropper FC အသင်း နှင့် UYN FC မြို့မအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ UYN FC မြို့မအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဆက်လက်၍ ပွဲစဉ်အတွင်း အကောင်းဆုံးအားကစားသမား(Men Of The Match) ဆုအားတိုင်းဒေသကြီး၀န်ကြီးချုပ်က ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်း စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော မျိုးဆက်သစ်လူငယ်ဘောလုံးအားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးများမှ စုစုပေါင်းပြိုင်ပွဲ၀င်အသင်း (၃၂) သင်းက ဇူလိုင် ၂၁ ရက်နေမှ ဩဂုတ် ၂၂ ရက်နေ့အထိ ရှုံးထွက်ကစား၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပပေးသွားမည်ဖြစ်သည်၊ ပထမဆုရရှိသော ချန်ပီယံအသင်းအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁၀၀)နှင့် ဒုတိယဆုငွေ ကျပ်(၇၅)သိန်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲကျင်းပစဉ်ကာလ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ထောက်ပံ့မှုအဖြစ် မကွေးတိုင်းဒေသကြီး ပြင်ပမှလာရောက်ယှဉ်ပြိုင်ကြမည့်အသင်းများကို မိမိအသင်း ပွဲစဉ်နေ့တိုင်း ငွေကျပ်(၇)သိန်းနှုန်း၊ တိုင်းဒေသကြီးအတွင်းမှ လာရောက်ယှဉ်ပြိုင်ကြမည့် အသင်းများကို မိမိအသင်းပွဲစဉ်ကန်မည့်နေ့တိုင်း ငွေကျပ်(၃)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)