ပခုက္ကူ ဇူလိုင် ၂၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က တက္ကသိုလ်ရှိ၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၉၂ ဦး တက်ရောက်မည်ဖြစ်ပြီး တက္ကသိုလ်ရှိ ပင်မဆောင်(M-306)ခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သင်တန်းနည်းပြခုနစ်ဦးက ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံဘာသာရပ်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်အထိ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)