ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ကျင်းပ

ဘားအံ ဇူလိုင် ၂၁

ပြည်နယ်အတွင်းမှ ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်း အဆင့်အတန်းမြင့်မားစွာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိစေရေး ရည်ရွယ်ကျင်းပသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖူဆယ်အားကစားနည်းဖြင့် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းကမ်းဥပဒေဘောင်အတွင်းမှ အားကစားသမားကောင်း စိတ်ဓာတ်မွေးမြူ၍ ကြိုးစားယှဉ်ပြိုင်အနိုင်ယူကြစေလိုကြောင်း ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်း (၇) သင်းမှ အားကစားသမား ၈၄ ဦးတို့သည် အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချု ပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အားကစားသမားများအား ရင်းနှီးနွေးထွေးစွာ လိုက်လံတွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ငွေကျပ် သိန်း (၂၀) စီ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖူဆယ်အားကစားဝါသနာရှင်များနှင့်ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဖာပွန်မြို့နယ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပြည်နယ်ဖူဆယ်အားကစားခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)