မင်းဘူး ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ လက်မှုလယ်ယာစနစ်မှစက်မှုလယ်ယာစနစ်သို့ ခေတ်စနစ်နှင့်အညီအသွင်ကူးပြောင်းပြီးလုပ်ကိုင်စေရန်နှင့် စိုက်ပျိုးရေးသွင်းအားစုလုပ် ယာသားကုန်ကျစရိတ်သက်သာစေရန်ရည်ရွယ်၍ကျင်းပသည့် လက်ဆွဲကောက်စိုက်စက်နှင့် မျိုးစေ့တိုက်ရိုက်ချကိရိယာ (Drum Seeder) အသုံးပြု၍ မိုးစပါးအောင်နိုင်တိုးစပါးမျိုး ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ဥယျာဉ်ဇင်ကျေးရွာရှိ ဒေသခံတောင်သူ ဦးသောင်းဌေးစိုး၏ လယ်မြေ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများပူးပေါင်းပြီး ဥယျာဉ်ဇင်ကျေးရွာကွင်းအမှတ် ၁၁၉၂ ရှိ တောင်သူ ဦးသောင်းဌေးစိုး၏ လယ်မြေ၌ စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက သက်တမ်းတိုက စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်သည့် အောင်နိုင်တိုး စပါးမျိုး ပျိုးပင်သက်တမ်း (၁၄)ရက်သားကို အသုံးပြု၍ လက်ဆွဲကောက်စိုက်စက်ဖြင့် ၁ ဒသမ ၅ ဧကနှင့် လက်စွဲမျိုးစေ့တိုက်ရိုက်ချကိရိယာ(Drum Seeder)ဖြင့် ၁ ဧကကို တောင်သူနည်း ပညာပေးကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသောလေ့လာမေးမြန်းချက်များကို ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းဖြေကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၉၈၈ ဧကအထိ စိုက်ပျိုးသွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဧကပေါင်း၂၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)