ပွင့်ဖြူ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးရန်လျာထားပြီး သတ်မှတ်စိုက်ဧကများပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ မြေပဲ (၄၁၉၄) ဧက၊ နှမ်း (၂၃၃၈၅) ဧက၊ နေကြာ (၄၄၂) ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၂၈၀၂၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးပြီးတဲ့ ဆီထွက်သီးနှံစိုက်ခင်းတွေကို အထွက်နှုန်းတွေ တိုးတက်စေဖို့နဲ့ ပိုးမွှားရောဂါကင်းရှင်းစေဖို့ အသိပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံများကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဆီထွက်သီးနှံများကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရှိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)