တောင်တွင်းကြီးမြို့နယ်တွင် စာအုပ်/စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီက ရွှေအိုး (၂) မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်နှင့် ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေဒေသခံပြည်သူများ၊ ကျောင်းသား/သူများအား မြို့နယ်ပြည်သူစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်/စာစောင်များမှတစ်ဆင့် အသိပညာများတိုးပွားလာစေရန်၊ စာပေဗဟုသုတများ ကြွယ်ဝတိုးတက်လာစေရန် ရည်ရွယ်ပြီး ယခုလို စာအုပ်/စာစောင်ပြပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အခက်အခဲအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူဝါသနာရှင်များနှင့် အလုပ်တာဝန်များဖြင့် မအားလပ်၍ မလာရောက်နိုင်သူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

စာအုပ်/စာစောင်ပြပွဲတွင် သုတ၊ ရသစာအုပ်များ၊ ရုပ်ပြစာစောင်များ၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ (၂၀)ဦးခန့် စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)