မင်းလှမြို့၌ ပင်စင်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

အထက်မင်းလှ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ကို ယနေ့ နံနက် ၇ နာရီက အဆိုပါဘဏ်ရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးများက သွေးပေါင်ချိန်ပေးခြင်း၊ ဆီချိုသွေးချို တိုင်းတာစစ်ဆေးပေးခြင်း၊ အောက်စီဂျင်တိုင်းတာ စစ်ဆေးပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကိုအခမဲ့ပေးအပ်ခဲ့သည်။ ထို့အပြင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းစာအုပ်များထားရှိပြီး လစဉ်ပင်စင်လာရောက်ထုတ်ယူသည့်အချိန်တွင် ပြည်သူ့ဆေးရုံ၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

ဝင်းမြတ်(အထက်မင်းလှ)