သာပေါင်းမြို့နယ်တွင် ငါးသယံဇာတတိုးပွားစေရေးအတွက် သဘာဝရေပြင်ငဝန်မြစ်ပြင်ကျယ်အတွင်းသို့ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမကြီး သားပေါက်ကောင်ရေ(၁၅၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

သာပေါင်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝရေပြင် မြစ်/ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေး၊ စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရေး၊ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးရည်ရွယ်၍ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ လွတ်လပ်‌ရေးပန်းခြံဘေး သဘာဝရေပြင် ငဝန်မြစ်ပြင်ကျယ် အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိမ်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်တို့က (၂)လက္မအရွယ် ငါးမြစ်ချင်း(၇၅၀၀၀)၊ ထိုင်းငါးခုံးမကြီး (၇၅၀၀၀) ပေါင်း ငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀)အား သဘာဝရေပြင်ငဝန်မြစ်ပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရ သည်။

သိန်းမြင့်မျိုးဦး