မြဝတီ ဇူလိုင် ၂၁
မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) ကတ် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီမြို့နယ် ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ အငြိမ်းစားဝန်ထမ်းများအား UID (Unique Identity) ကတ် ဆောင်ရွက်ပေးနေမှုကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမြင့်ဘုန်းတို့က ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်း ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်အဆင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ UID (Unique Identity)ကတ် ပြုလုပ်ရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မှတ်ပုံတင်ကတ်နှင့် ပင်စင်ကတ်တို့ ယူဆောင်လာရန် လိုအပ်မည်ဖြစ်ပြီး (၂၁-၇-၂၀၂၅) ရက်နေ့မှ (၂၅-၇-၂၀၂၅)ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း တစ်ရက်လျှင် ပင်စင်စားဦးရေ(၂၅၀)အား UID (Unique Identity)ကတ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ