ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၈၉၉၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၈၉၉၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး ၆၉၉၉၉ ဧက စိုက်ပျိုးရန်လျာထားပြီး ဇူလိုင်လ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၈၉၉၄ ဧထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သတ်မှတ်လျာထားစိုက်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရန်နှင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် စပါးများစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်စိုက်ပျိုးနေကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်အတွင်း စပါး ၆၉၉၉၉ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ စပါး ၈၉၉၄ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ စပါးတွေ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းဖို့၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျသုံးစွဲကြဖို့ နည်းပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။ ရွှေခရုနဲ့ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းတွေကိုလဲ စပါးမစိုက်မီကတည်းက တောင်သူတွေကို အသိပညာပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးလျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စပါးစိုက်တောင်သူများကို အထွက်နှုန်းကောင်းသော စပါးမျိုးများ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ စိုက်ပျိုးရေစနစ်တကျ သုံးစွဲရေး စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)