လိပ်သို ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး နော်ဖလောရင်းဟန်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ် ချက်များ၊ စာပေလေ့လာလိုက်စားခြင်းဖြင့် မိမိဘဝကို တိုးတက်ဖွံ့ဖြိုးစေကာ လိမ္မာရေးခြားရှိစေခြင်း၊ အသိဉာဏ်တိုးကာ ဗဟုသုတကြွယ်ဝစေခြင်း၊ ယဉ်ကျေးသိမ်မွေ့စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းမှရသော ဘဝအသိ၊ စစ်မှန်သောအတွေးအခေါ်၊ မြင့်မားသော စိတ်ဓာတ်များသည် လူ့လောကတွင် အမှန်ရင်ဆိုင်ရမည့် ဘဝတိုက်ပွဲအတွက် လက်နက်ကောင်းများပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာများ အသိပညာပေးနံရံကပ်စာစောင်အားပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်