အ.ထ.က(ရွှေသောင်ယံ)တွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေသောင်ယံ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ရွှေသောင်ယံမြို့ ပြည်သူဆေးရုံရှိ ဒေါက်တာစည်သူနှင့် သပေါ့ကန်ကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ဆရာမများတက်ရောက်ပြီး အာဟာရဖြစ်စေသည့် အစာအုပ်စု(၃)အုပ်စုနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား အစာအုပ်စု(၃)ပါ ရောဂါကာကွယ်စေသည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များနှင့် လိမ္မော်ရောင်၊ အနီရောင်သစ်သီး သစ်ဥများအကြောင်း၊ ခန္ဓာကိုယ်ကြီးထွားစေသည့် အုပ်စုဖြစ်သည့် အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများအကြောင်း၊ အင်အားဖြစ်စေသည့် အုပ်စုဖြစ်သည့် ဆန်၊ ဂျုံပြောင်း၊ အာလူး၊ ဆီ စသည်ဖြင့် အာဟာရဆိုင်ရာ အကြောင်းအရာများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့ကြသည်။

ထို့နောက်ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသည့် အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်ခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးပြီး ဈေးဆိုင်ရှင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးဟောပြောပွဲသို့ အ.ထ.က(ရွှေသောင်ယံ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)