ထားဝယ် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ စာရေးဝန်ထမ်းများအတွက် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးအုန်းသန်းက စာရေးဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ရာထူးအဆင့်ဆင့်တိုးမြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ ရာထူးများအလိုက် ရှိသင့်သည့် အရည်အချင်း၊ ကျွမ်းကျင်မှု၊ အတွေးအခေါ်တို့နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ စာရေးဝန်ထမ်းများသည်နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံ ရေးကင်းရှင်းရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်မိမိတို့ဌာန၏ မူဝါဒများ၊ ဥပဒေများ၊ လုပ်ငန်းစဉ်များနှင့် အခြေခံသဘောတရားများကို သေချာစွာသိရှိနားလည်စေရန် လိုအပ်ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ရုံးလုပ်ငန်းများ ကိုသိရှိနိုင်စေရန်နှင့်လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်၊ မှန်ကန်စွာဆောင်ရွက်တတ်စေရန်၊ ရုံးလုပ်ငန်းကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ သိရှိဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ စာရေးဝန်ထမ်း(၁၄)ဦးအား တိုင်းဒေသကြီး ဥပဒေအရာရှိများနှင့် တာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)