ငပုတော ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တိုင်းရင်းဆေးဦးစီးဌာနဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်များစစ်ပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေးခဲ့သည်။
အဆိုပါနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)