ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ပခုက္ကူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားပေါ်ပေါက်ရသည့်အကြောင်းရင်းများကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးဦးက ကလေးအလုပ်သမားအများဆုံး တွေ့မြင်ရသည့်အလုပ်နေရာများ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားများ၊ ကလေးအလုပ်သမားဥပဒေများ၊ ကလေးအလုပ်သများလျော့နည်းပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ စနစ်တကျပြသခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)