ငဖဲ ဇူလိုင် ၂၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသောနေရာများတွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ အချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်ကမ်းစာစောင်တွင် လျှပ်စစ်အန္တရာယ် အစဉ်သတိပြုဖွယ်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိထားဆောင်ရွက်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များပါဝင်ပြီး မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်မင်း ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများအဖွဲ့က ပြည်သူများလျှပ်စစ်မီးကိုင်တွယ်သုံးစွဲရာ၌ သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် နေအိမ်များတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများဟောင်းနွမ်းဆွေးမြည့်ပါက အသစ်လဲလှယ်အသုံးပြုရန်တို့ကို အသိပညာပေးပြောကြားပြီး မြို့ပေါ်ရပ်ကွက် လူစည်ကားသောနေရာများ၊ ဈေးများမှ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)