ပုသိမ် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် တာတမံများကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ ငဝန်တာမိုင်(၄၇/၂)အနီးရှိ ငါးသိုင်းချောင်းရေမှတ်စခန်းနှင့် ရွှေဘိုရပ်ကွက်ရှိ ဗောဓိတာရေကင်းစခန်း (တာမိုင်-၄၆)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၁၅ ခုနှစ်မှစ၍ မြစ်ရေမြင့်တက်အခြေအနေ၊ နေ့၊ ည ရေကင်းလှည့်လည်စစ်ဆေးခြင်း တာဝန်ချထားမှုအခြေအနေများ၊ လက်ရှိငဝန်မြစ်ရေအမှတ်သည် (၂၈.၀၀) ပေရှိပါကြောင်းနှင့် စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေပြီဖြစ်ပြီး အန္တရာယ်ရေအမှတ်သည် (၃၂.၃၅)ပေဖြစ်ပါကြောင်း ရှင်းလင်းတင်ပြမှုအပေါ် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံ လွှင့်ထူခြင်းအခြေအနေများ သိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများ တာဝန်ချထားသည့် ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေး နည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ခြင်းလုပ်ငန်းများကိုမြန်ဆန်မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာ စတုမုခစေတီတော်ကြီးသို့ရောက်ရှိ၍ ငဝန်သစ္စာရွှေဧရာ ပရိယတ္တိစာသင်တိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ စတုမုခစေတီတော်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအားကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် Bored Pile အခြေပြု ကျောက်ပြားကပ်တမံအလျား(၁၃၉၃)ပေ၊ သဲအိတ်ခံကျောက်စီရေကာများ(၈၇၀)ပေ၊ ထူပါရုံစေတီတော်ရင်ပြင်မြှင့်ခြင်း၊ ကျောက်ပြားကပ်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် Bored Pile အခြေပြုကျောက်ပြားကပ်တမံအလျား(၈၀၀)ပေ၊ သောင်တူးခြင်း အလျား(၁၂၀၀)မီတာ ဆောင်ရွက်မည့်အခြေအနေများ၊ ငဝန်မြစ်ရေလမ်းအခြေအနေနှင့် လက်ရှိငဝန်မြစ်ရေမှာ လေးမျက်နှာမြို့တွင် ၃၃.၁၀ ပေရှိပြီး စိုးရိမ်ရေမှတ်မှာ ၃၄ ပေ ဖြစ်သည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေမြင့်တက်မှုနှင့် မြစ်ရေမှတ်များအား ဂရုတစိုက်စောင့်ကြည့်ကြရန်၊ ထူးခြားမှုရှိပါကအချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ခြင်းလုပ်ငန်းများကို မြန်ဆန်မှန်ကန်စွာ ဆောင်ရွက်ကြရန်၊ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)