ပုသိမ် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲဆောင်ရွက်နေသူများမှ တိုက်ရိုက်မျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ တောင်သူ ဦးဝင်းမြင့်လှိုင်၏ စိုက်ဧက(၇)ဧကတွင် နယူးဧရာ-၁၁စပါးမျိုးအား ပုသိမ်မြို့၊ အမှတ်(၅၁)စက်မှု လယ်ယာစခန်းမှ ခြောက်တန်းသွားကောက်စိုက်စက်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသခြင်းအားလည်းကောင်း၊၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါစီမံကိန်းဆောင်ရွက်သော ဝယ်ယူကြိတ်ခွဲအဖွဲ့၏ စံပြစိုက်ခင်းတွင် ကောက်စိုက်စက်၊ ကောက်စိုက်သမ၊ တိုက်ရိုက်မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနေမှုအား လည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ “မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များလျော့နည်း ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာများဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များက အသိပညာပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း စိုက်ပျိုးနည်းစနစ်များ အလိုက် မျိုးစေ့ကုန်ကျမှု၊ သွင်းအားစုထည့်သွင်းမှု၊ အထွက်နှုန်းများကို စနစ်တကျမှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့ချကိရိယာများအား သတ်မှတ်ကာလအတွင်း တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး ထုန်လုပ်ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကတောင်သူများအား သွင်းအားစုများ၊ တိုက်ရိုက်မျိုးစေ့ချကိရိယာများနှင့် ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
လှမင်းထွဋ်