ကျိုက်လတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ကျိုက်လတ် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကိုထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှဉီးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၇) နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ အခြေအနေများ တိုင်းတာစစ်ဆေးပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း စသည်တို့ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများအပါအဝင် တာဝန်ရှိသူများက ဧည့်မထ အမျိုးအစား ဆန်များကို တစ်ပြည်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင်(၃၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘူးခွံအပါ ဆီငါးဆယ်ကျပ်သား တစ်ဘူးလျှင် (၃၅၀၀)ကျပ်နှုန်းတို့ဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)