ကျွန်းလှ ဇူလိုင် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်းဧက ၅၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ပဲတီစိမ်း ၅၄၁၂ ဧက၊ ပဲစင်းငုံ ၁၁၅၄၁ ဧက စုစုပေါင်း ၁၆၉၅၃ ဧကလျာထားကြောင်း လက်ရှိအချိန်ထိ ၁၃၀၂၇ဧက (၇၆ ဒသမ ၈၄ ) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ် မိုးရာသီ ပဲတီစိမ်းစိုက်ပျိုးဖို့ ၅၄၁၂ ဧကလျာထားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ကြရာ ၅၀၁၂ ဧက(၉၂ ဒသမ ၆၁) ရာခိုင်နှုန်း စိုက်ပျိုးပြီး ဖြစ်ပါတယ်။ လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြပြီး သီးထပ်၊ သီးညှပ် စိုက်ပျိုးကြဖို့တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသရာသီ ဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး စသည့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ