ပွင့်ဖြူမြို့နယ်၌ ကောက်စိုက်စက်နှင့်တွဲဖက်၍ 10-Rows Seeder ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်လွင်၏ လယ်မြေ၌ ယနေ့ နံနက် ၈ နာရီက ကောက်စိုက်စက်ဖြင့် တွဲဖက်၍ 10-Rows Seeder ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရာ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ယင်းကွင်းသရုပ်ပြပွဲတွင် ပွင့်ဖြူမြို့အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထွေးနှင့် ဝန်ထမ်းများက လယ်ကိုင်းကျေးရွာအုပ်စု တောင်သူ ဦးမြင့်လွင်၏ ကွင်းအမှတ်(၉၇၇)ရှိ လယ်မြေ(၃)ဧကတွင် ကောက်စိုက်စက်နှင့်တွဲဖက်၍ 10-Rows Seeder ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်းအား တောင်သူပညာပေး စိုက်ပျိုးသရုပ်ပြသရာ တက်ရောက်လာကြသူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကောက်စိုက်စက်နှင့်တွဲဖက်၍ 10-Rows Seeder အသုံးပြုစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများကို ကျော်လွှားနိုင်ခြင်း၊ နည်းပညာမြင့်စက်ကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ခြင်း၊ တစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ်လျော့နည်း၍ သီးနှံဝင်ငွေအကျိုးအမြတ်ပိုမိုရရှိခြင်း၊ လယ်ယာသုံးစက်ကိရိယာများကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနိုင်ပြီး လက်မှုလယ်ယာစနစ်မှစက်မှုလယ်ယာစနစ်သို့ လျင်မြန်စွာကူးပြောင်းလုပ်ကိုင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို တောင်သူများသိရှိနားလည်ကာ တွင်ကျယ်စွာအသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ ကွင်းသရုပ်ပြ စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးစိုးမင်းထွေးက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)