သာယာဝတီ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
ဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ယနေ့လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံ သောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အတိုင်း ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တွေနှင့်ပြည်စုံနေဖိုလိုအပ်ပါကြောင်း၊ ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များအသိပညာဗဟုသုတများစွာရရှိလာမည်ဖြစ်သလို ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အစဉ်လေ့လာသင်ယူပြီး အများအကျိုး၊ နိုင်ငံတော်အကျိုးသယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်လူရွယ်များဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြပါရန် အမှာစကားပြောကြားပြီး ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးနှင့် တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ နည်းပြဆရာမဒေါ်မာမာချိုတို့ကဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူ ငယ်နှင့်နည်းပညာအစရှိသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)