နတ်မောက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စခန်းမှူးဒု-ရဲမှူး သန်းထွန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ လူကုန်ကူးမှုအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လူကုန်ကူးမှုကျူးလွန်ကြံစည်သူတို့၏ ဖြားယောင်းသွေးဆောင်ရာတွင် အသုံးပြုသည့် နည်းပရိယာယ်များအကြောင်း စသည်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
လှဝင်း