ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်

ပွင့်ဖြူ   ဇူလိုင်   ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီး ကျေးရွာများဖြစ်သည့် သံကိုင်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့်ဆည်မုန်းကျေးရွာတို့တွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ရာ ယနေ့တွင် မြစ်ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့မြို့နယ်မှာ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်လို့ မြစ်ကမ်းဘေးတစ်လျှောက် မြစ်ရေဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေဖြစ်တဲ့ သံကိုင်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာနဲ့ ဆည်မုန်းကျေးရွာတွေက ဒေသခံပြည်သူတွေ သွားလာရေ အဆင်ပြေသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ နှစ်စဉ်မြစ်ရေ မြင့်တက်ချိန်ကာလတွေမှာ မြစ်ကမ်းဘေးက ကျေးရွာတွေမှာ ရေဝင်ရောက်တာတွေ ကြုံတွေ့နေကြဖြစ်ပါတယ်။ ဒီနှစ်လည်း မြစ်ရေဝင်ရောက်ခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေ မရှိပါဘူး။ ကျွဲနွားတိစ္ဆာန်တွေတော့ ရေဘေးလွတ်ရာတွေကို ရွှေ့ပြောင်းရတာမျိုးတော့ ရှိတာပေါ့။ ဒီနေ့တော့ မြစ်ရေက ပြန်လည်ကျဆင်းသွားပြီဆိုတော့ ရေဝင်ရောက်တဲ့ စာသင်ကျောင်းတွေလဲ မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်တော့မှာပါ” ဟု ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်နယ်တွင် နှစ်စဉ်မြစ်ရေမြင့်တက်ချိန်ကာလများ၌ မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် မြစ်ရေဝင်ရောက်လေ့ရှိပြီး ယခုနှစ် မြစ်ရေမြင့်တက်ခဲ့မှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိသဖြင့် လူနေအိမ်များ ရွှေ့ပြောင်းရခြင်းမျိုး မရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)