အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

အုတ်တွင်း ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ယနေ့နံနက်(၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်းပါးရှင် မြေလတ်မောင်မြင့်သူ ရေးသားသည့် “အားရစရာနှင့်အားကျစရာ” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းကစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ချို(စာရေးဆရာ ခင်မောင်ချို -ကညွတ်ကွင်း)က “လောက၌ဆယ်လီ ဖြစ်တာချင်းတူပါ၏။ ကျော်ကြားတာချင်းတူပါ၏။ အောင်မြင်တာချင်းတူပါ၏။ တစ်စုံတစ်ရာ အကျိုးခံစားရတာချင်း တူပါ၏။ ကျေနပ်အားရတာချင်း တူပါ၏။ သို့သော် ဆယ်လီအဖြစ် ကျေနပ်စရာကောင်းတိုင်း အားကျစရာကောင်းတိုင်း အားကျစရာဟုတ်ပါရဲ့လား။ မည်သို့ဆိုစေ ကျေနပ်စရာ၊ အားရစရာနှင့် အားကျစရာကောင်းသည့် စံတစ်ခုဖြစ်ဖို့ရာ မိမိ၏စိတ်ဓာတ်၊ စေတနာလုပ်ရပ်နှင့် သတ္တိတို့သည်သာ အခရာကျမည်ဖြစ်သည်” ဟုဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူတို့မှ အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)