ကျုံပျော် ဇူလိုင် ၂၀
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က အထောင်မြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် အထောင်နယ်မြေ မီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲလွင်ဦးက စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိသင့်သည်များ၊ မီးသတ်ဆေးဘူးအကြောင်း သိကောင်းစရာနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဟောပြောဆွေးနွေးပြီး ဟောပြောပွဲသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
မြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် မကျရောက်စေရေးအတွက် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးလုပ်ငန်းကို အသိပညာပေးဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိမိုးတွင်းကာလသဘာဝဘေးအန္တရာယ်နှင့် အခြားသောအန္တရာယ်များ ကျရောက်ပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား ဖွဲ့စည်းထားရှိကြောင်း၊ ဘေးအန္တရာယ်များကြုံတွေ့ပါက အချိန်မရွေး အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)