ပခုက္ကူ ဇူလိုင် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီ အချိန်က မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ အရေးပေါ်မီးငြိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုဝင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ဘေးအန္တရာယ်အမျိုးအစားများအလိုက် ဖြစ်ပွားစဉ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့်ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ဘေးအန္တရာယ်များ ဖြစ်ပွားမှုလျော့နည်းစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် သတိပေးထုတ်ပြန် ချက်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းသူများတက်ရောက်ကြပြီး မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အရေးပေါ်မီးငြိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)