မြဝတီ ဒီဇင်ဘာ ၁၇
မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သံတံတားရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းကို မြဝတီမြို့အမှတ်(၇၃)ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးဇော်မျိုးဝင်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အရည်အသွေးကောင်းမွန်သော ဆိုင်ကယ် စီးဦးထုပ်များ စနစ်တကျဆောင်းစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၆ (ခ) တွင် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့ညအချိန်တိုင်းတွင် ဖွင့်ပြီးမောင်နှင်ရခြင်း၊ မော်တော်ဆိုင်ကယ်စီးနင်း သူများလိုက်နာရမည့် အချက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်နှစ်အလိုက် ယာဉ်တိုက်မှု နှိုင်းယှဉ်ပြဇယားနှင့် ယာဉ်တိုက်မှုဖြစ်ပွားလျှင် လိုက်နာရမည့်အချက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့သည်။
ထို့သို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းအပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသည့်ကာလတွင် နှာခေါင်းစည်းများတပ်ဆင်ခြင်းမရှိသည့် ပြည်သူများကိုလည်း နှာခေါင်းစည်း များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်