လေးမျက်နှာ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခတ္တူ-ဘိသလွန်-ကရင်တော-ကတက်ကုန်းလမ်းပေါ်ရှိ တူးရိုးတံတား(ဒုတိယပိုင်း)တည်ဆောက်ခြင်းကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကျေးလက်လမ်းဦးစီးဌာန တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၂၀၀.၀၀၀)သန်းဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ခတ္တူ-ဘိသလွန်-ကရင်တော-ကတက်ကုန်းလမ်းပေါ်ရှိ တူးရိုးတံတား (၈၀'×၂၀') (ဒုတိယပိုင်း) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဟင်္သာတခရိုင် ကျေးလက်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဟင်္သာတခရိုင် ကျေးလက်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများတွေ့ဆုံ၍ တံတားတည်ဆောက်ခြင်းဆိုင်ရာကိစ္စများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းများ စံချိန်စံညွှန်းအတိုင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသောကာလမတိုင်မီ လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
အဆိုပါတံတားတည်ဆောက်ခြင်းမှာ တံတားတစ်စင်းလုံး၏ (၄၀)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ပြီး လုပ်ငန်းပြီးဆုံးပါက ကျေးရွာ (၁၃)ရွာ၊ အိမ်ခြေ (၁၅၃၄)အိမ်၊ လူဦးရ (၆၇၆၈)ဦးတို့အား လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသောအခန်းကဏ္ဍများကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)