ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၁) ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲသို့ တက်ရောက်၍ အရုဏ်ဆွမ်းများ ဆက်ကပ်လောင်းလှူ

ပုသိမ် ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၂၁)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါနအရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယမန်နေ့နံနက် (၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါဓမ္မာရုံတွင် ကျင်းပခဲ့ရာ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်းများ လောင်းလှူခဲ့ကြသည်။

ဦးစွာ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် (၁၆၀)တွင် ဝါဆိုဝါကပ်တော်မူပြီး အရုဏ်ဆွမ်းခံကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ် (၂၅၅၂)ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက အရုဏ်ဆွမ်းများ လောင်းလှူပူဇော်ခဲ့ကြသည်။ ယင်းနောက် ဝါတွင်းကာလ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတအရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆွမ်းအာဟာရအလှူရှင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုအား မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌက  အနုမောဒနာဂုဏ်ပြုလွှာပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ မောင်းထောင်ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပညာဓိကအရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲဝင်ဝန်ကြီးများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပုသိမ်မြို့ (၂၁)ကြိမ်မြောက် မဟာသံဃိကဒါနအရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲကို ဝါတွင်းကာလတစ်လျှောက် စေတနာရှင်အလှူများမှ နေ့စဉ် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)