ဇီးကုန်းမြို့နယ်၌ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ဇီးကုန်း ဇူလိုင် ၂၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဇီးကုန်းမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌ ဦးဉာဏ်ကြည်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူးနှင့်သင်တန်းနည်းပြများက ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ အခြေခံမူ (၇) ချက်နှင့် စေတနာ့ဝန်ထမ်းများတို့၏ လုပ်အားဖြင့် ရပ်/ရွာအတွင်းရှိ ပြည်သူများအတွက် အရေးပေါ်အခြေအနေများနှင့် အိမ်တွင်း/ ကျောင်းတွင်းမတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ လျော့ကျစေရန်နှင့် မတော်တဆမှုများဖြစ်လာပါက ရှေးဦးပြုစုနိုင်စေရန် အခြေခံရှေးဦး ပြုစုခြင်းများကို ဆက်လက်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၃၂) ဦး တက်ရောက်ပြီး ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းများတွင် ပြန်လည်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)