ပွင့်ဖြူ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလ ရေကြီးရေလျှံမှုများကင်းဝေးစေရန်အတွက် ယမန်နေ့က ရေစီးရေလာကောင်းမွန်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် သန့်ရှင်းရေးဝန်ထမ်းများက ပွင့်ဖြူမြို့၏ အဓိက ရေဆိုးထုတ်မြောင်းဖြစ်သည့် မုန်းချောင်းဘက်အထွက် လက်ခုပ်ကျေးရွာအနီး မြေသားရေဆိုးထုတ်မြောင်းအတွင်း ပိတ်ဆို့နေသော ချုံနွယ်ပေါင်းမြက်များ၊ အမှိုက်သရိုက်များနှင့် ရွှံနွံနုန်းသဲများကို ရေစီးရေလာကောင်းမွန်စေရန် စနစ်တကျ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မိုးရာသီကာလတွင် မြို့ပြသန့်ရှင်းရေးသာယာလှပရေးအတွက် ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် စွန့်ပစ်ပလတ်စတစ်ကြွပ်ကြွပ်အိတ်များ ကောက်ယူသိမ်းဆည်းခြင်း၊ စည်ပင်သာယာဈေးများ ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာ ဈေးရောင်းဈေးဝယ်ဆောင်ရွက်နိုင်ရန် ဈေးသန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )