ပွင့်ဖြူမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို ရွက်ဖျန်းအာဟာရဆေးရည်ဘူးများ ထောက်ပံ့ပေးအပ်

 ပွင့်ဖြူ ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)မှ တာဝန်ရှိသူများက စိမ်းလန်းစိုပြည်ကုမ္ပဏီနှင့်ပူးပေါင်းပြီး မိုးစပါးစိုက်ပျိုးမည့်တောင်သူများကို ရွက်ဖျန်းအာဟာရဆေးရည်ဘူးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း အရည်အသွေးမြှင့် စပါးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး မြို့နယ်တောင်သူအကျိုးဆောင်အသင်းက စိုက်ပျိုးရေးကုမ္ပဏီများနဲ့ချိတ်ဆက်ပြီး တောင်သူတွေ သီးနှံအချိန်မီစိုက်ပျိုးနိုင်အောင် စပါးမျိုးနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ထောက်ပံ့ပေးတာတွေရှိပါတယ်။ အဲဒီလို ထောက်ပံ့ပေးရာမှာ ဒေသတွင်းရှိ ကန်ထရိုက်လယ်ယာစနစ်နဲ့ နွေသီးနှံ ရေသွင်းနှမ်း စိုက်ပျိုးတဲ့တောင်သူတွေ မိုးရွာသွန်းမှုများပြီး ရေသွင်းနှမ်းစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ တောင်သူတွေကို ဦးစားပေး ထောက်ပံ့တာဖြစ်ပါတယ်။ ခုတစ်ကြိမ် ထောက်ပံ့ပေးတာက စိမ်းလန်းစိုပြည်စိုက်ပျိုးရေးကုမ္ပဏီနဲ့ပူးပေါင်းပြီး ရေသွင်းနှမ်း ထိခိုက်ပျက်စီးခဲ့တဲ့တောင်သူ ၅၀ ဦးကို တစ်ဦးလျှင် ရွက်ဖျန်းအာဟာရဆေးရည် (၂)ဘူးနှုန်းစီ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရေး၊ အရည်အသွေးမြင့် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများတွင် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာဘေးကင်းလုံခြုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး စသည့် တောင်သူအကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  စိုက်ပျိုးရေးကုမ္ပဏီများနှင့်ချိတ်ဆက်၍ ဒေသတွင်းရှိ တောင်သူများကို သီးနှံဝင်ငွေအကျိုးအမြတ်ရရှိစေရန် ကန်ထရိုက်လယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးခြင်း၊ စိုက်ပျိုးသီးနှံများပေါ်ချိန်တွင် တောင်သူများအတွက် သင့်တင့်မျှတသော သီးနှံဈေးနှုန်းများရရှိစေရေးအတွက် တောင်သူစုပေါင်းသီးနှံရောင်းချပွဲများ စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )