မကွေး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိူကျေးရွာအုပ်စု ဘုရားပြိုကျေးရွာ ကွင်းအမှတ် (၁၆၇၂-ဃ) တောင်သူ ဦးမင်းစိန်၏ မိုးနှမ်းနှင့် မိုးမြေပဲ အထူးအထွက်တိုး စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ ဒေသခံ နှမ်း/မြေပဲစိုက် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသငြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၏ အထူးဇုန် (၁) တွင် ပါဝင်သည့် မကွေးမြို့နယ် ဘုရားပြိူကျေးရွာရှိ တောင်သူ ဦးမင်းစိန်၏ မိုးနှမ်းအထူးအထွက်တိုး စံပြကွက်သို့ ရောက်ရှိစဉ် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က မိုးနှမ်း/မိုးမြေပဲ အထူးအထွက်တိုး စံပြကွက် မိုးနှမ်း/မိုးမြေပဲသီးနှံကို စတင်စိုက်ပျိုးခြင်းမှ လက်ရှိအချိန်အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဆီထွက်သီးနှံအထူးဇုန်များရှိ သီးနှံများ စတင်စိုက်ပျိုးရာမှာ တောင်သူပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လိုက်နာကျင့်သုံးပါက သီးနှံအောင်မြင်ဖြစ်ထွန်းနိုင်ကြောင်းကို တောင်သူများ သိရှိစေဖို့အတွက် နှမ်းသီးနှံ အထူးအထွက်တိုးစံပြကွက်ကို ပြသဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ စိုက်ကွင်းအနီးရှိ မူလမြသလွန် စေတီဓမ္မာရုံတွင် တက်ရောက်လာသည့် ဒေသခံ နှမ်း/မြေပဲစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနလုပ်ငန်း ဆိုင်ရာများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူတွေ သီးနှံစိုက်ပျိုးမှုအတွက် မူလရှိပြီးသော မျိုးတွေထက် သာလွန်ကောင်းမွန်တဲ့ မျိုးများရရှိဖို့ အထွက်ကောင်းတဲ့ မျိုး၊ ဒေသ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီတဲ့ မျိုး၊ သက်လျင်ပြီး ရာသီဥတုဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုး၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ရရှိဖို့ နှစ်စဉ် သုတေသန လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး၊ ဒီလို ရရှိလာတဲ့ မျိုးတွေကိုလည်း တောင်သူတွေ ကျယ်ကျယ် ပြန့်ပြန့် သိရှိလာပြီး လက်ခံစိုက်ပျိုးဖို့ အတွက် လက်တွေ့ ကွင်းထဲမှာ စိုက်ပျိုးပြသကာ၊ မျိုးတွေရဲ့ အရည်အချင်းလက္ခဏာတွေကို တောင်သူများ မျက်မြင်ကိုယ်တွေ့ သိရှိနိုင်ပြီး၊ လက်ခံစိုက်ပျိုးနိုင်ဖို့အတွက် ဒီနေ့လို ကွင်းသရုပ်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တောင်သူတွေအနေနဲ့ သေသေ ချာချာကြည့်ရှုပြီး မျိုးအသစ်တွေ၊ မျိုးသန့်တွေကို လက်ခံစိုက်ပျိုးဖို့လည်း တိုက်တွန်းလိုကြောင်း၊ ဒါမှသာလျှင် နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒတွေ၊ ဦးတည်ချက်တွေနဲ့အညီ ဆီထွက်သီးနှံတွေကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ပြီးတော့ တောင်သူတွေရဲ့ ဝင်ငွေတွေ တိုးတက်လာကာ တိုင်းပြည်စားသုံးဆီဖူလုံရေးအတွက်လည်း အထောက်အကူဖြစ်မှာဖြစ်ကြောင်း၊ မကွေးမြို့နယ်ဟာ မကွေးတိုင်းဒေသကြီးရဲ့ ဆီထွက်သီးနှံအထူးဇုန် (၁) မှာ ပါဝင်ပြီး လက်ရှိ မိုးသီးနှံစိုက်ပျိုးရာမှာ ဆီထွက်သီးနှံ နှမ်းဧက (၁) သိန်း (၇) သောင်းကျော်နဲ့ မြေပဲ စိုက်ဧက (၁) သိန်း (၃) သောင်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အထူးဇုန်(၁)မှ မကွေးခရိုင်အနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာဆီထွက် သီးနှံကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံးမှာ စုစုပေါင်းဧက (၄၂၄၆၃၂) ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး၊ တောင်သူများ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေဖို့နဲ့ ဇုန်သတ်မှတ်ဧရိယာများ ပြည့်မှီစေဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများကို မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ပံ့ပိုးပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ပညာပေးလုပ်ငန်းများနဲ့ ရေကို စနစ်တကျ အကျိုးရှိရှိ အသုံးချနိုင်ဖို့ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးဟာ ဆီအိုးကြီးဆိုတဲ့ တင်စားခံရမှုနဲ့အညီ စိုက်ပျိုးထုတ်လုပ်ကြဖို့ မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်၊
ဆက်လက်ပြီး တက်ရောက်လာသည့် တောင်သူများမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တောင်သူများအား ဂျစ်ပဆန်သဘာဝကျောက်မှုန့်မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ