မုံရွာ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား စိမ်းလန်းစိုပြည်စေရေး၊ သာယာလှပရေး၊ ရာသီဥတုပြုပြင်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေး၊ မိုးခေါင်ရေရှားပါးမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးတို့အတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက် မင်္ဂလာလမ်းအရှည် (၆၀၀၀)ပေရှိ လမ်းဘေးဝဲယာ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ခရေပျိုးပင်အားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများက သတ်မှတ်နေရာများတွင် အရိပ်ရပျိုးပင်များအား စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင် စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်များနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ မုံရွာမြို့ မြို့သစ်ရပ်ကွက် မင်္ဂလာလမ်းအရှည် (၆၀၀၀)ပေရှိ လမ်းဘေးဝဲယာ၌ (၂)ပေနှင့်အထက် (၂)နှစ်သားအရွယ်ရှိ သစ်မျိုး (၇)မျိုး၊ စုစုပေါင်းပျိုးပင်ပေါင်း (၁၂၀၀)ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)