မအူပင်တက္ကသိုလ်နှင့် ဘူရီရန်ရာဂျာဘတ်တက္ကသိုလ် (ထိုင်းနိုင်ငံ) တို့အကြား နားလည်မှုစာချွန်လွှာအရ အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခမ်းအနား ကျင်းပ

မအူပင် ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်နှင့် ဘူရီရန် ရာဂျာဘတ်တက္ကသိုလ် (ထိုင်းနိုင်ငံ) တို့အကြား နားလည်မှုစာချွန်လွှာအရ အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခမ်းအနားအား ယမန်နေ့နံနက် (၈)နာရီ (၃၀)မိနစ်က မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး မအူပင်တက္ကသိုလ်၏ မှတ်တမ်းရုပ်ရှင်ပြသသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများမှ ကရင်ရိုးရာဒုံးယိမ်း အကအလှဖြင့်လည်းကောင်း၊ ချင်းရိုးရာအကအလှဖြင့်လည်းကောင်း၊ မအူပင်တက္ကသိုလ်သီချင်းနှင့် သရုပ်ဖော်ကပြမှုများဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးနှင့် တာဝန်ရှိသူများမှ ဧည့်သည်တော်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ပါမောက္ခ Dr.Dhirawit မှ AI အသုံးပြုပြီး အဆင့်မြင့်ပညာကဏ္ဍအား ရေရှည်တိုးတက်အောင် မည်သို့ဆောင်ရွက်နိုင်မည့် အချက်များအားလည်းကောင်း၊ တွဲဖက်ပါမောက္ခ Dr.Akarapon မှ နိုင်ငံတကာဂျာနယ်များတွင် ပါဝင်ထုတ်ဝေနိုင်ရန် သိရှိလိုက်နာရမည့် အချက်များအားလည်းကောင်း ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်း‌ဆွေးနွေးခဲ့ကြရာ ပါမောက္ခ Dr.Dhirawit နှင့် Dr.Akarapon တို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် ပါမောက္ခများ၊ ဌာနအသီးသီးမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)