ကြို့ပင်ကောက်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥဩဆွဲခြင်း အစီအစဉ် ပြုလုပ်

ကြို့ပင်ကောက် ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်း အစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီး၍ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်အတွင်း နေရာငါးနေရာတွင် တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်းကို ကြို့ပင်ကောက်မြို့ ရန်ကုန်ပြည်ကားလမ်း KBZ ဘဏ်ရှေ့၊ ပန်းတင်လမ်း မီးပွိုင်၊ ရန်ကုန်ပြည်ကားလမ်း ကုန်းမြင့်ကျေးရွာ၊ ရန်ကုန်ပြည်ကားလမ်း ဒန့်သလွန်ကွင်းကျေးရွာ ၊အရှေ့ဘုရားလမ်းဆုံနှင့် ရန်ကုန်ပြည်ကားလမ်း နာရီစင်လမ်းဆုံတို့တွင် အချိန်တစ်မိနစ် တပြိုင်တည်းဥဩဆွဲပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥဩဆွဲဆောင်ရွက်ခြင်းအပြင် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများတွင်လည်း နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်ထူခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)