နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝ ဖြစ်စဥ်များမှ နိုင်ငံရေး ကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသ

နတ်မောက် ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

 “ဒီနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် အထူးပြခန်းအနေနဲ့ ဗိုလ်ချုပ်ရဲ့ငယ်ဘဝကနေ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးရဲ့ ဘဝဖြစ်စဥ် အကျဥ်းတွေကိုပါ ခင်းကျင်းပြသပေးထားပြီး ဒီနှစ်မှာထူးခြားမှုအနေနဲ့ အာဇာနည်နေ့နှင့် ပတ်သက်သည့် အချက်အလက်များကို Textscene ဖြင့် ပြည့်စုံစွာ ပြသထားသည့်အတွက် ရန်ကုန်သို့ သွားရောက်လေ့လာခွင့်ရသလိုပဲ ရရှိခံစားရစေပါတယ်။ ကိုယ်တိုင်လည်းပြည့်စုံစွာ သိရှိနားလည်နိုင်ခွင့်ရသလို မေးခွန်းများ မေးမြန်း၍ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုညိုသန်းက ပြောကြားသည်။

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်၏ မိခင်အသုံးပြုခဲ့သည့် ဆီသိုလှောင်သည့် ဂိုထောင်ဟောင်းနှင့် နေအိမ်အောက်ထပ်တွင် စပါးကျီချိုင့်၊ ဗိုလ်ချုပ်အမ ရက်ခဲ့သည့် မူရင်းရက်ကန်းစင်၊ ဗိုလ်ချုပ်ငယ်စဥ်ဘဝကကိုင်ဆောင်ခဲ့သည့် စာအုပ်မျက်နှာဖုံးများ ၊ဗိုလ်ချုပ်၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ နိုင်ငံရေးလှုပ်ရှားမှုများမှသည် ကျဆုံးခဲ့သည့် အချိန်အထိ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားပြီး နေအိမ်အပေါ်ထပ်တွင် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုလုပ်ထားသည့် ဆီလီကွန်ရုပ်ထု ၊ ဗိုလ်ချုပ်မိဘအိမ်ပြန်လာစဥ် အိပ်ခန်း၊ အိပ်ခန်းအတွင်းမှ မူရင်းကြိုးကုတင်၊ ဗိုလ်ချုပ်၏ မိခင်အိပ်ခန်း ၊ ဗိုလ်ချုပ်မိသားစုအိပ်ခန်း ၊ အမျိုးသမီးပြင်ဆင်ခန်း၊ မီးဖိုခန်း၊ နေအိမ်ခြံဝန်းအတွင်းရှိ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကျောက်စာတိုင်နှင့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဥ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားသည်။ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ ကျန်နေ့ရက်များတွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ လာရောက်ကြည့်ရှုလေ့လာနိုင်ပြီး ယနေ့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နံနက်(၇)နာရီမှ ညနေ (၄) နာရီအထိအများ ပြည်သူလေ့လာကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လှဝင်း (ပြန်/ဆက်)