ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကြံခင်း ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)တွင် ယမန်နေ့ မွန်းလွဲပိုင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲကို ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို Grade-5 မှ ကျောင်းသား၊ ကျောင်းသူများက “ဗိုလ်ချုပ်အောင်ဆန်း” သီးချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက အာဇာနည်နေ့အခမ်းအနားကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အထက်တန်းပြဆရာမ ဒေါ်မာမာဝင်းက အသက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ၏ ဂုဏ်ကျေးဇူကိုလည်းကောင်း၊ မူလတန်းပြဆရာ ဦးလှိုင်မျိုးက ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအကျိုးဆောင်ရွက်ခဲ့ပုံနှင့် ပညာမတတ် စာမတတ်လို့ အသိနည်းခြင်းကြောင့် အာဇာနည်(၉)ဦးအား လုပ်ကြံသူတို့ရဲ့ ဘဝနိဂုံးအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် Grade-10 ကျောင်းသူ နော်ခူခူစိုးက “အလေးပြုပါသည်” သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ကျောင်းစာကြည့်တိုက်တွင် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပခဲ့ရာ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၁ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး၊ ကဗျာပြိုင်ပွဲ တွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)