ငါးသိုင်းချောင်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဦးစီးကျင်းပသော ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁း၃၀) အချိန်က ငါးသိုင်းချောင်းမြို့ အ.လ.က (ခွဲ) မြို့သစ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အ.လ.က (ခွဲ) မြို့သစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်ကြိုင်မှ အဖွင့်အမှာစကား ပြောကြားကာ မြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးမောင်မောင်အေးမှ ကြက်ခြေနီ အသင်း ပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ငါးသိုင်းချောင်းမြို့အသင်းခွဲငယ် ဥက္ကဋ္ဌဦးခင်မောင်သန်းမှ ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းများကို ကျောင်းသား၊ ကျောင်းသူတိုင်း တက်ရောက်ထားရန်လိုကြောင်းနှင့် တက်ရောက်နိုင်ပါကြောင်း ပြောကြားကာ အရေးပေါ်ရှေးဦးပြုစုခြင်းများကို လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် ငါးသိုင်းချောင်းမြို့ နယ်မြေမီးသတ်ဦးစီးဌာနမှ မြို့မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်မှ ကျောင်းသား၊ ကျောင်းသူများအား အသက်ကယ်ဝတ်စုံ Lijack ဝတ်ဆင်ပုံနှင့် မိမိတို့ နေအိမ်များတွင် အလွယ် တကူ ရရှိနိုင်သည့် ရေသန့်ဘူးများ၊ ရေပုံးများနှင့် အသက်ကယ်ဝတ်စုံ ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့သရုပ်ပြသခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)