ငရုတ်ကောင်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ငရုတ်ကောင်းမြို့ (အ.ထ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က အာဇာနည်ခေါင်းဆောင်(၉)ဦး၏ သမိုင်းကြောင်းနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ "အသိပညာပေး ဟောပြောပွဲသို့ (အ.ထ.က) ငရုတ်ကောင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦး၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)