အိမ်မဲ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်၊ ပြပွဲပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အ-မ-က လယ်ပေါ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွှန့်အေးက အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး အကြောင်းတို့ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အတ္ထုပ္ပတ္တိပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပရာ အ-မ-က လယ်ပေါ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ကြပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ အာဇာနည်နေ့နှင့်သက်ဆိုင်သော စာအုပ်များ၊ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသခဲ့ရာ အခမ်းအနားတက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ချစ်သက်လယ်