ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုပေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်းစကားပြောပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်ပညာရေးမှူး ဦးကြည်သင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ​ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြစေရန်အချက်များ၊ ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်းစကားပြော ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး မြို့နယ်ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)