တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွား‌‌ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

ကော့သောင်း ဇူလိုင် ၁‌၉

တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကော့သောင်းမြို့အတွင်းရှိ ပုလုံးတုံတုံး‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆယ်မိုင်အခြေခံပညာအထက်တန်းကျောင်းများသို့   ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားခြင်း၊ ‌ဆရာ၊ဆရာမများအား တွေ့ဆုံစကားပြောကြားခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည်  စာသင်ဆောင်များအတွင်း ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနေမှုအား လိုက်လံကြည့်ရှု၍ အကျင့်စာရိတ္တကောင်းမွန်၍ လိမ္မာရေးခြားရှိပြီး၊ ပညာကို အပတ်တကုတ်လေ့လာကြိုးစားကြရန် လမ်းညွှန်အားပေးစကားများ ပြောကြားပြီး  တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံစကားပြောကြားရာ "ကျောင်းသား၊ကျောင်းသူများ၏ဘဝ အကောင်းအဆိုးသည် ဆရာတို့၏ ပညာအရည်အချင်း၊ စိတ်စေတနာတို့အပေါ်တွင် တည်မှီနေသောကြောင့် ဆရာတို့တွင် ရှိအပ်သော ပညာအရည်အချင်း၊ စိတ်သဘောထား၊ စိတ်စေတနာနှင့် အကျင့်သိက္ခာတို့ကို အမြဲတစေ ပြည့်ဝအောင်ဖြည့်ဆည်းထိန်းသိမ်းရန် လိုအပ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြရမည်ဖြစ်သဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းပြီး၊ စာပေပညာ အတတ်ပညာပြည့်စုံသည့် အကျင့်စာရိတ္တ ကောင်းမွန်သည့် တိုင်းချစ်၊ ပြည်ချစ်စိတ်ရှိသည့် လူငယ်များကို မွေးထုတ်ပေးခြင်းသည် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နေခြင်းပင် ဖြစ်ပါကြောင်း၊ ကျောင်းဝန်း၊‌ ကျောင်းပြင် သန့်ရှင်း‌သာယာမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်ရေးနှင့်  စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်စေရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက်  အရက်၊ ဘီယာများ၊ စီးကရက်၊ Vape၊ ကွမ်းယာများ၊ မူးယစ်အနွယ်ဝင်ပစ္စည်းများအား မသုံးစွဲစေရေး ပညာပေးခြင်းများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ မိဘများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းသားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေး၊ ‌ကျောင်းထွက်သူမရှိစေရေး၊ Game စွဲလမ်းမှုများ ပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ ကျန်းမာရေးနှင့် အားကစားလိုက်စားရေးတို့ကို ပညာ‌ပေးဆောင်ရွက်ရန်လိုကြောင်း၊ ပညာသင်ကာလအတွင်း ကျောင်းတက်မှန်ကန်ရေးနှင့် အတန်းပညာ ဘာသာရပ်များအပြင် အနုပညာ၊ အားကစားနှင့် စာ‌ပေ လှုပ်ရှားမှုကဏ္ဍများအလိုက်  စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်၍ အောင်ချက် ရာခိုင်နှုန်းကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းသား၊ကျောင်းသူများ  အသက်အရွယ်နှင့် ကိုက်ညီသည့် ဗဟုသုတများ ရရှိစေရေးအတွက် ကျောင်းစာအပြင် ပြင်ပ သုတ၊ရသ စာပေများကိုလည်း စာကြည့်တိုက်များတွင် ရှာဖွေဖတ်ရှုသည့် အလေ့အကျင့်‌‌ကောင်းများ ရရှိကြစေရေး လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း" တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)