ပြည် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ခံဗောတံတားအနီး ဧရာဝတီမြစ်ရေပြင်၌ ရေပြင်အသက်ကယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်မြို့ရှိ အရပ်ဘက်ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြသည်။
ဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆောင်ရွက်မှုနှင့်ပတ်သက်သက်၍ အမှာစကားပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေပြင်မှချီတက်အလေးပြုသရုပ်ပြခြင်း၊ မြစ်ကမ်းတစ်လျှောက်ပြည်သူများအား ရေကြီးမှုအန္တရာယ်မှကင်းဝေးစေရေး လှည့်လည်သတိပေးနှိုးဆော်မှု သရုပ်ပြခြင်း၊ ရေနစ်သူ/ရေဘေးကျရောက်နေသူများအား ရှာဖွေကယ်ဆယ်ရေးလက်တွေ့သရုပ်ပြခြင်း၊ ဘေးသင့်လူနာများအား ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦး သူနာပြုစုခြင်းနှင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီပို့ဆောင်ကယ်ဆယ်ခြင်း အစရှိသည်တို့အား သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းဆောင်ရွက်မှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)