ကန်ကြီးထောင့် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား ဇူလိုင်လ(၁၆) ရက်နေ့ ညနေပိုင်းက လဟာကလူကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား/ သူများအား အာဇာနည်နေ့သည် နှစ်စဉ်ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော နိုင်ငံတော်၏မေ့မရဖွယ် အထိမ်းအမှတ်နေ့ တစ်ရက်ပင်ဖြစ်ကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦးနှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်ဖြစ်ရာ ထိုနေ့ကိုအာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း အစရှိသည်များအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဇင်မာဦးက ကျောင်းသား/သူလေးများအား အာဇာနည်နေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် နံရံကပ် စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး