အထက်မင်းလှ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ တက်ရောက်လာသော ကျေးရွာအုပ်စုများမှ တောင်သူများအား ရှင်းလင်းဆွေးနွေးကာ ထောက်ပံ့ပစ္စည်းများနှင့် အသုံးပြုပုံများကို ရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျေးရွာ (၁၄)ရွာရှိ ဝါစိုက်တောင်သူများကို ချည်မျှင်ရှည်ဝါ ရွှေတောင်-၈ (၁၃၂၄) ပိဿာနှင့် ရွှေတောင်-၁၀ (delinted seed) ၃၄၀ ကီလိုတို့အား ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)