မြောင်းမြမြို့တွင် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်နှင့်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြို့၊ Happy ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်နှင့်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင် အသင်းများက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အလေးပြုခဲ့ပြီးနောက် အားကစားသစ္စာအဓိဌာန် (၄) ချက်ရွတ်ဆိုခဲ့ကြောင်း သိရသည်။ ထို့နောက်ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ပြီး လပွတ္တာခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၈) ခရိုင်မှ ခရိုင် ကိုယ်စားပြု ဘောလုံးအသင်း (၈) သင်း၊ ပြိုင်ပွဲဝင်ကစားသမား စုစုပေါင်း (၈၀) ဦးဖြင့် ဇူလိုင်လ (၁၈) ရက်နေ့မှ (၂၁) အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ယနေ့အဖွင့်ပွဲစဉ်တွင်လပွတ္တာခရိုင်အသင်းမှ (၁ ဂိုး၊ ၀ ဂိုး) ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)