တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်ရှင်များအတွက်ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ကလေးအလုပ်သမား၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေး၊ လူငယ်၊ လူရွယ်၏ အဓိပ္ပါယ်ဖော်ပြချက်၊ ၂၀၁၆ ခုနှစ်ဆိုင်များနှင့် အလုပ်ဌာနများဥပဒေမှ ကလေးအလုပ်သမားများ၏အသက်အရွယ်နှင့် ဥပဒေပုဒ်မများအကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရည်မှန်းချက်(၆)ရပ် စသည့်အကြောင်းအရာများအား

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်မြနွယ်နှင့်အဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအပြီး၌ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)