ကျွန်းစု ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တိလောကမာရဇိန် ရွှေသာလျောင်းဘုရားတွင် ခိုင်ခံ့သော တန်ဆောင်းတော်ကြီး တည်ဆောက်ရေးလုပ်ငန်းနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ရွှေသာလျောင်းဘုရားတွင် ခိုင်ခံ့သော တန်ဆောင်းတော်ကြီးကို အလှူရှင်များနှင့် ပြည်သူများ၏ လှူဒါန်းငွေကျပ် ၇၇၇ သိန်းဖြင့် စတင်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ခရီးသွားပြည်သူများနှင့် ဒေသခံများက ရွှေသာလျောင်းဘုရားကို မိုးဒဏ်၊ လေဒဏ်မှ အကာအကွယ်ပေးနိုင်ပြီး လှပသပ္ပာယ်စွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဘဏ္ဍာရေးကော်မတီများ၊ တည်ဆောက်ရေး ကော်မတီများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ကုသိုလ်ပြုဆောင်ရွက်ရေး၊ ဘုရားအမိုး ဆောက်လုပ်ရန်အတွက် အလှူငွေများ လိုအပ်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ(၁)ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ပြန်လည်ဆွေးနွေးပြောကြားခဲ့ကာ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)